[ August 4, 2023 ]

Interview ဖြေဆိုရာတွင်ဂရုစိုက်သင့်သောအချက်များ (Part-2)

သင်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ ပတ်သက်ပြီး ဘယ်လောက်သိလဲ။ ဘယ်လိုနားလည်ထားသလဲ။

အင်တာဗျူးသူသည် ဤမေးခွန်းကိုမေးသောအခါ၊ သူတို့ကုမ္ပဏီ၏ အသေးစိတ်သမိုင်းကြောင်းကို နားထောင်ရန်ထက် သင်သည် အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ရှိမရှိကို သိလိုခြင်းကြောင့် မေးခြင်းဖြစ်သည်။ အလုပ်ရှင်တွေက သူတို့အလုပ်မှာ စိတ်အားထက်သန်ပြီး အလုပ်ကြိုးစားမယ့်သူ၊ ထက်မြတ်သွက်လက်သောသူ၊ ကြိုတင်ပြင်ဆင်ပြီး အလုပ်လုပ်ရန်စိတ်အားထက်သန်သူ ကို လိုချင်ကြပါတယ်။ သင်အလုပ်ရှာဖွေနေချိန် သင်လိုချင်သော အလုပ်ကိုသေချာ စဉ်းစားပြီ  လျှောက်ထားပါက သူတို့အလုပ်ကို သင်တကယ်နှစ်သက်ဖို့ အလားအလာပိုများတယ်လို့ စဉ်းစားကြပါလိမ့်မည်။

ထို့ကြောင့် ကုမ္ပဏီတစ်ခုကို လျှောက်ထားခြင်းမပြုမီ ရှာဖွေစူးစမ်းလေ့လာပြီး သင်တွေ့ရှိခဲ့သော အချက်အလက်များနှင့် သူတို့၏လုပ်ငန်းကို သင်နားလည်သဘောပေါက်ပြီး သူတို့၏အဖွဲ့အစည်းကို သိရှိရန်လိုအပ်ပါသည်။ ကုမ္ပဏီ Website၊ Social Media Channel၊ သတင်းဆောင်းပါးများနှင့် အခြားအရာများပေါ်တွင် သင်တွေ့ရှိခဲ့သော အချက်အလက်များ (ဥပမာ – ကုမ္ပဏီ၏ အခြေခံအချက်များဖြစ်သည့် တည်ထောင်ခဲ့သည်ခုနှစ်၊ တည်ထောင်သူ၊ အုပ်ချုပ်မှုတွင်ပါ၀င်သူ၊ ‌ရောင်းချသော ကုန်ပစ္စည်း သို့မဟုတ် ပေးနေသော ဝန်ဆောင်မှု) များကို အခြေခံပြီး ဤမေးခွန်းကိုဖြေသင့်ပါသည်။

၎င်း၏လုပ်ငန်း၊ စျေးကွက်အနေအထား၊ ထူးခြားသောအရောင်းရဆုံးအချက်များ၊ ထင်ရှားသောဖောက်သည်များ သို့မဟုတ် မိတ်ဖက်အဖွဲ့အစည်းများနှင့် သင့်အာရုံကိုဖမ်းစားနိုင်သော လတ်တလောဖြစ်ပေါ်တိုးတက်မှုများ သို့မဟုတ် အစပြုမှုများကဲ့သို့သော ကုမ္ပဏီနှင့်ပတ်သက်သည့် အရေးကြီးသောအသေးစိတ်အချက်အလက်များကို မျှဝေရန်အာရုံစိုက်ပါ။ ထိုအချက်များထဲမှ သင်သည်မည်သည့်အချက်ကို မည်သို့ စိတ်ဝင်စားမှုရှိကြောင်းနှင့် စိတ်အားထက်သန်မှုရှိကြောင်းကို ပြသပါ။ သင်၏ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများ သည် ကုမ္ပဏီ၏တန်ဖိုးများနှင့် ကိုက်ညီပုံ သို့မဟုတ် ၎င်း၏တိုးတက်မှုအတွက် သင်ပါဝင်နိုင်ပုံကို ပူးတွဲအလေးပေးဖော်ပြပါ။  

ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ဖြေဆိုသည့် အခါ ရှောင့်ကြည်သင့်သည့် အချက်နှစ်ချက်ရှိပါတယ်။

  • “ဘာမှမသိဘူး”ဆိုပြီဖြေခြင်းသည် အလုပ်ရဖို့ အခွင့်အလမ်းတွေကို နည်းစေလိမ့်မယ်။
  • ကြိုတင်လေ့လာခြင်း မလုပ်ဘဲ လိမ်ညာပြီး ဖုံးကွယ်ဖို့ကြိုးစားရင် ပိုဆိုးပါတယ်။

ဒါကြောင့် ကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို သင်အမှန်တကယ် သိထားဖို့ လိုအပ်ပါသည်။ ကုမ္ပဏီကို အဓိကဦးတည်ထားသော ယေဘုယျမဟုတ်သော တိကျမှန်ကန်ပြီး၊ နောက်ဆုံးဖြစ်ပေါ်နေသော အချက်အလက်များကိုသာ ဖော်ပြဆွေးနွေးသင့်ပါသည်။

မှန်ကန်မှုမရှိတဲ့ အချက်အလက်များကို ပြောခြင်းဟာ အလုပ်ခန့်ဖို့ အခွင့်အလမ်းကို ထိခိုက်စေပါတယ်။ အချက်အလက် ၁၀ ခုနဲ့ အင်တာဗျူးဝင်ပြီး တစ်ဝက်မှားသွားတာထက် သင်သေချာတဲ့ အချက်တစ်ခု သို့မဟုတ် နှစ်ခုကို သိတာက ပိုကောင်းပါတယ်။ ဒါကြောင့် ရိုးရိုးရှင်းရှင်းလေးထားပြီး ကုမ္ပဏီနဲ့ပတ်သက်တဲ့ အခြေခံအချက်များကို သိအောင်လုပ်သင့်ပါသည်

ပြောဆိုဆွေးနွေးမည့် အချက်များကို ကြိုတင်ပြင်ဆင်ထားသည်မှာ ကောင်းသော်လည်း အလွတ်ကျက်ပြီး စာပြန်သလို တစ်လုံးမကျန် ပြန်ပြောဆိုဖို့ မကြိုးစားပါနှင့်။ ယင်းအစား ကုမ္ပဏီ၏ အဓိကကျသော ကဏ္ဍများကို နားလည်အောင်လုပ်ပြီး ထိုအသိပညာကို သဘာဝကျကျ ကိုယ်ပိုင် စကားပြောဆိုမှုအဖြေတစ်ခုအဖြစ် ပြောဆိုပါ။

ကုမ္ပဏီအကြောင်း သင်လေ့လာသိရှိရင်းနှီးကျွမ်းဝင်မှုကို အလွန်ချဲ့ကားပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။ သင်အမှန်တကယ်သိသည်ထက် ပိုသိသည်ဟု ဟန်ဆောင်ခြင်းထက် အမှန်တကယ်စိတ်ဝင်စားမှုနှင့် သင်ယူလိုစိတ်ရှိကြောင်း ပြသခြင်းသည် ပိုကောင်းပါသည်။

လက်ရှိ ကုမ္ပဏီကနေ ဘာကြောင့် ထွက်ချင်တာလဲ။ ဒါမှမဟုတ် သင့်ရဲ့နောက်ဆုံးအလုပ်က ဘာကြောင့်ထွက်ခဲ့တာလဲ။

အင်တာဗျူးနေစဉ်အတွင်း သင့်လုပ်ငန်းအတွေ့အကြုံများနှင့်ပတ်သက်သော အချက်အလက်များကို မျှဝေသည့်အခါ သင်၏ ယခင်လုပ်ဖော်ကိုင်ဖက်များနှင့် အလုပ်ရှင်များအကြောင်း အပျက်သဘော ပြောဆိုခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ အပြုသဘောဆောင်သော အဖြေတစ်ခု ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။

အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အလုပ်ထွက်ခွာရန်ရွေးချယ်ပါက၊ အဆိုးမြင်မှုများကို ရှောင်ရှားသင့်ပြီး အပြုသဘောဆောင်သောအရာကို အာရုံစိုက်ပါ။

သင်ရဲ့လတ်တလောအလုပ်ကနေ အလုပ်ရပ်နားခံရရင် ရိုးရှင်းစွာဖြေဆိုပါ – “ကံမကောင်းစွာပဲ၊ ကျွန်ုပ် အလုပ်ရပ်နားခံရတယ်” ဟူသည်မှာ လက်ခံနိုင်သော အဖြေတစ်ခုဖြစ်သည်။

ဟုတ်ပါတယ်၊ သူတို့က နောက်ဆက်တွဲမေးခွန်းကို မေးနိုင်ပါတယ်- ဘာကြောင့် အလုပ်ကနေရပ်နားခံရတာလဲ။ အလုပ်မှ ၀န်ထမ်းလျော့ချခြင်း ကြောင့် အလုပ်ကနေရပ်နားခံရပါက၊ “ကုမ္ပဏီ (ပြန်လည်ဖွဲ့စည်း/ ပေါင်းစည်းခြင်း/ ဝယ်ယူခြင်း) နှင့် ကံမကောင်းစွာဖြင့် ကျွန်ုပ်၏ (ရာထူး/ဌာန) သည် ဖယ်ရှားခံခဲ့ရသည်” ဟု ရိုးရှင်းစွာပြောနိုင်ပါသည်။

ဒါပေမယ့် စွမ်းဆောင်ရည်အကြောင်းကြောင့် အလုပ်ထုတ်ခံရရင်တော့ သင်၏အကောင်းဆုံးအပြုအမူမှာ ရိုးသားရန်ဖြစ်သည်။ ဒါပေမယ့် ဒါဟာ မကောင်းသောအချက် ဖြစ်စရာမလိုပါ။ ၎င်းကို သင်ယူမှုအတွေ့အကြုံအဖြစ် ယူဆပြီး – သင်မည်မျှတိုးတက်လာပုံနှင့် သင်၏တိုးတက်မှုသည် နောက်အလုပ်အတွက် အားသာချက်အဖြစ် ပုံဖော်နိုင်လျှင် ပိုကောင်းပါသည်။

လက်ရှိ သို့မဟုတ် ယခင်အလုပ်ရှင်များအကြောင်း မကောင်း မပြောပါနှင့်။ ထိုသူတို့ အပေါ် အဆိုးမြင်နေခြင်းဖြင့် သင့်တွင် အမြတ်အစွန်းတစ်စုံတစ်ရာမရှိပါ။ သင်သည် အခွင့်အလမ်းသစ်များကို ရယူရန် စိတ်အားထက်သန်ကြောင်း ပြသသည့် အကြောင်းအရာများကို ပြောဆိုခြင်းသည် အခွင့်အလမ်းပိုများစေသည်။

သင်သည်အလုပ်ရှင်ဟောင်းအကြောင်း ဆိုးဆိုးရွားရွားပြောနေတယ်ဆိုရင် အင်တာဗျူးသူမှ သူတို့အား အနာဂတ်မှာ သင်ဤသို့လုပ်ဆောင်မည်ဟု ယူဆနိုင်လိမ့်မည်။ အလုပ်ခန့်သူသည် အခြားနေရာမှာ သင်အလုပ်ရှာပါက သူတို့အားယခုကဲ့သို့ ပြောဆိုလုပ်ဆောင်မည်ကို သိသောကြောင့် မကောင်းပြောတက်သောသူများ ကို အလုပ်ခန့်သင့်မခန့်သင့် ကို ထပ်ခါ ထပ်ခါ စဉ်းစားပါလိမ့်မည်။

အလုပ်အကိုင် အပြောင်းအလဲ လုပ်ရသည့် အကြောင်းအရင်းများစွာ ရှိနိုင်ပါသည်။ လုပ်ငန်းနယ်ပယ်ပြောင်းလဲလိုခြင်း၊ အတွေ့အကြုံအသစ်ရယူလိုခြင်း၊ နေရာထိုင်ခင်းအပြောင်းအရွေ့လုပ်လိုခြင်း၊ မိသားစုအရေး၊ ကျန်းမာရေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ အကြောင်းအမျိုးမျိုးရှိခြင်း၊ သင်သည် အလုပ်တွင် တိုးတက်ဖို့ အခွင့်အလမ်းမရှိခြင်း သို့မဟုတ် သင်၏ မျှော်မှန်းချက် ပန်းတိုင်နှင့် ကိုက်ညီခြင်းမရှိဘူးလို့ ခံစားရခြင်း၊ စသည့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်သစ်ပြောင်းလဲရှာဖွေခြင်းဖြစ်ပေါ်နိုင်ပါသည်။

ထို့ကြောင့် သင့်လက်ရှိ သို့မဟုတ် ယခင်အလုပ်၏ မကောင်းသော ရှုထောင့်များကို အာရုံစိုက်နေမည့်အစား အလုပ်ကဏ္ဍအသစ်မှ ပေးဆောင်သည့် သင့်အသက်မွေးဝမ်းကျောင်းပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် အခွင့်အလမ်းများ၊ တိုးတက်မှုများကို အာရုံစိုက်သင့်ပါသည်။

စိန်ခေါ်မှုအသစ်များ၊ အလုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ သို့မဟုတ် သင်၏အရည်အချင်းများကို တိုးတက်စေမည့် အခွင့်အလမ်းကို ရယူလိုကြောင်း အလေးပေးပြောဆိုသင့်ပါသည်။ သင်လျှောက်ထားနေသည့် အလုပ်ကဏ္ဍရာထူးသည် သင့်ရေရှည်ပန်းတိုင်များ၊ သင်၏ ကျွမ်းကျင်မှု၊ စိတ်ဝင်စားမှု နှင့် ကိုက်ညီပြီး တိုးတက်မှုအတွက် အခွင့်အလမ်းများကို မည်သို့ပေးနိုင်မည်ကို ပြောဆိုဆွေးနွေးပါ။

သင်အင်တာဗျူးလုပ်နေသည့်ကုမ္ပဏီတစ်ခု၏ Value, Culture, Vision, Mission များတွင် သင်နှင့်ထပ်တူထပ်မျှသော အချက်များရှိနေပါက ၎င်းတို့သည် သင့်အား မည်သို့ဆွဲဆောင်ခဲ့ကြောင်း ဖော်ပြပြီး အခွင့်အလမ်းသစ်များရှာဖွေရန် သင့်ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့သည့်အခန်းကဏ္ဍကို ဖော်ပြနိုင်ပါသည်။

အဆိုးမြင်သောအရာများကို အာရုံစိုက်ခြင်းက သင့်အတွက် အဆိုးသာ ဖြစ်စေလိမ့်မည် (ဤသည်မှာ် လုပ်ဖော်ကိုင်ဖက်တွင် မည်သူမျှ မလိုလားအပ်သော စရိုက်ဖြစ်သည်)။ ဆိုးရွားတဲ့ အတွေ့အကြုံများကို ဖော်ပြနိုင်ပေမယ့် သင့်စကားလုံးများနှင့် ဆိုလိုရင်းကို သေချာစွာ ရွေးချယ်ပါ။ အကောင်းမြင်သော ရှုထောင့်မှ သင်၏ အတွေ့အကြုံများ နှင့် အလုပ်ပြောင်းရသည့် ရည်ရွယ်ချက်များကို ဖော်ပြခြင်းသည် အကောင်းဆုံးဖြစ်သည်။

သင့်ရဲ့ မျှော်မှန်းလစာက ဘယ်လောက်လဲ။

အင်တာဗျူးသူက သင့်ရဲ့လစာမျှော်မှန်းချက်တွေကို အဘယ်ကြောင့်သိချင်တာလဲ။ အလုပ်ရှင်များသည် သင့်ကို အလုပ်ခန့်ဖို့ တတ်နိုင်သည် မတတ်နိုင်သည်ကို သိရှိရန် ဤမေးခွန်းကို မေးနိုင်ပါသည်။ သင်ကိုယ်တိုင် သင့်အလုပ်ကို မည်မျှတန်ဖိုးထားသည်ကို သိရန်လည်း သူတို့က သင့်အား မေးမြန်းခြင်းဖြစ်သည်။

လစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို တိုက်ရိုက်မဖြေချင်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ သင်၏ယခင် သို့မဟုတ် လက်ရှိလစာသည် ယခုသင့်မျှော်မှန်းလစာတွက်ချက်မှုအတွက် အခြေခံနိုင်ရန် ပမဏနည်းပါးပြီး သင့်အပေါ်  မကောင်းသောသက်ရောက်မှုရှိမည်ဟု သင်သံသယဖြစ်နိုင်ပါသည်။

အလုပ်တာဝန်ဝတ္တရားအကြောင်း အသေးစိတ် မသိရှိမီ လစာအတွက် ဘယ်လောက်လိုချင်လဲ ဆိုတာက ဆုံးဖြတ်ရခက်ပါတယ်။ လစာနှင့်ပတ်သက်သော အင်တာဗျူးမေးခွန်းများကို ဖြေဆိုရန် နည်းလမ်းများစွာရှိပြီး၊ ဤမေးခွန်းကို ဖြေဆိုနိုင်စေဖို့အတွက် အကောင်းဆုံးအဖြေကို ဆုံးဖြတ်ရန် အရေးကြီးပါသည်။

၁။ မေးခွန်းကိုတစ်ဖက်လှည့်ပြီး အလုပ်ရှင်၏ budget အကြောင်းမေးပါ။

Interview သူသည် သူတို့၏ Budget နှင့်ပတ်သက်ပြီး ဖော်ပြလာပါက၊ သူတို့သည် သင့်မျှော်မှန်းချက်များနှင့် ကိုက်ညီမှုရှိမရှိကို သိချင်နေပေလိမ့်မည်။ ဤအချိန်တွင် ညှိနှိုင်းလို့ရသေးလား ဆိုပြီးသင်ပြန်မေးနိုင်ပါတယ်။

၂။ အခြားခံစားခွင့်နှင့် အကျိုးခံစားခွင့်များကို ဆွေးနွေးပါ။

သင့်လစာအပြင်၊ သင်အဖိုးတန်သည်ဟု ယူဆသည့် အခြားခံစားခွင့်များ၊ အကျိုးခံစားခွင့်များ (ဥပမာ – Ferry စီစဥ်ထားပေးခြင်း၊ meal & other allowances များ၊ incentive and periodic increment (လစာတိုးခြင်း)၊ overtime payment) အစရှိသည်တို့ ရှိနိုင်ပါသည်။ အဲဒီအထဲမှာ ဖြစ်နိုင်သမျှ အခွင့်အလမ်းတွေကို စေ့စပ်ညှိနှိုင်းသင့်ပါသည်။ ဥပမာအားဖြင့်၊ အလုပ်ရှင်သည် သင့်မျှော်မှန်းလစာ အတွက် လုံလောက်သော Budget မရရှိသော်လည်း၊ အခြားသော အကျိုးခံစားခွင့်များသည် သင့်အတွက် ပိုမိုဆွဲဆောင်မှုရှိစေရန် ကုမ္ပဏီဘက်က ကမ်းလှမ်းမှုများရှိနိုင်ပါသည်။

၃။ လစာကို အပိုင်းအခြားတစ်ခုဖြင့် ဖော်ပြပေးပါ။

လစာကို အတိအကျဖော်ပြခြင်းထက်  အပိုင်းအခြားတစ်ခုဖြင့် ဖော်ပြခြင်းက သင့်အတွက် အခွင့်အလမ်းပိုများစေသည်။ သို့ရာတွင်၊ အလုပ်ရှင်သည် သင့်လစာ အပိုင်းအခြား၏ အနိမ့်ဆုံးပိုင်းကို ရွေးချယ်နိုင်သည်ကို သတိပြုပါ၊ ထို့ကြောင့် သင့်မျှော်မှန်းလစာသည် သင့်လစာ အပိုင်းအခြား၏ အနိမ့်ဆုံအပိုင်း နှင့် တတ်နိုင်သမျှနီးစပ်ကြောင်း သတိထားပါ။

သင်သည် အင်တာဗျူးမစမီ သင်လျှောက်ထားမည့် ရာထူးအတွက် ပေးလေ့ရှိသော လစာအခြေအနေကို လေ့လာမှု ပြုလုပ်ထားသင့်သည်။ သို့မှသာ သင့်အတွက် လက်တွေ့ကျသော သတင်းအချက်အလက်တစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။ ဤအချက်အလက်များကို  သင့်လုပ်ငန်းနယ်ပယ်တွင် အလားတူ အလုပ်ရာထူးများကို လုပ်ကိုင်နေသူများ၊ သို့မဟုတ် သင်အင်တာဗျူးလုပ်နေသည့် ကုမ္ပဏီတွင် အလုပ်လုပ်နေသူများထံမှ ရရှိနိုင်ပါသည်။ အချို့နေရာများတွင် အလုပ်ရှင်များသည် အလုပ်ခေါ်စာများ၌ လစာအတိုင်းအတာတစ်ခုကို ဖော်ပြလေ့ရှိသည်။ ၎င်းသည် သင့်အား အလုပ်ရှင်ဘက်က ပေးနိုင်သောပမာဏဖြစ်ပြီး သင်သည် ၎င်းအပေါ် အခြေခံပြီး သင့်မျှော်မှန်းလစာကို ဆုံးဖြတ်နိုင်ပါသည်။

သင်နှင့် အံဝင်ခွင်ကျဖြစ်နိုင်သော လစာအပိုင်းအခြားရှိသော အလုပ်နေရာကို ဆုံးဖြတ်ရန် သင့်အတွေ့အကြုံနှင့် အရည်အချင်းများကိုလည်း ထည့်သွင်း စဉ်းစားနှိုင်းယှဉ်ဖို့လိုပါသည်။

နောက်အပိုင်းတွေမှာလည်း လုပ်ငန်းခွင်ဆိုင်ရာအကြောင်းအရာများကိုအလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

Interview ဖြေဆိုရာတွင် ဂရုစိုက်သင့်သောအချက်များ (Part-1) ကိုဖတ်ရှုလိုပါက ဤ link မှတစ်ဆင့် ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။

နေ့စဉ်အလုပ်အကိုင်အခွင့်အရေးအသစ်များကိုအချိန်နှင့်တပြေးညီသိရှိနိုင်ဖို့အတွက်

MHCS Telegram Channel – https://t.me/mhcsjobs

MHCS Viber Community – https://invite.viber.com/g2=AQAc%2F1Ln8tVd… တို့ကိုအခုပဲ Join ထားလိုက်ပါ။